Road to RHCA

November 10 2019

RHCA ဖြစ်ဖို့ဘာတွေလိုအပ်လဲ?

Red Hat Certified Architect ဖြစ်ဖို့ စာမေးပွဲ ၇ခုအနည်းဆုံးဖြေရပါတယ်။ RHCSA၊ RHCE နဲ့ အခြား Red Hat Certified Specialist (RHCS) exam ၅ခုဖြေရပါမယ်။ အကုန်လုံး Lab-based Exam တွေပါ။ တစ်ခုအောင်မြင်ပြီးတိုင်း အောင်မြင်တဲ့နေ့ကနေစပြီး ၃နှစ် valid ဖြစ်သလို RHCE အတွက်လဲ အဲ့ဒီသုံးနှစ်ကို Extend လုပ်ပေးသွားပါလိမ့်မယ်။ သို့ပေမဲ့ Specialist exam ၅ခုလုံးကတော့ အောင်မြင်တဲ့နေ့ကနေ ၃နှစ်ဆီပဲရပါလိမ့်မယ်။ ဆိုလိုချင်တာက ဒုတိယအောင်မြင်တဲ့ exam ရဲ့ သက်တမ်းကို ပထမ exam မှာ Extend သွားမလုပ်ပါဘူး။ ဒါကြောင့် ၅ဘာသာမှာ ပထမဦးဆုံးအောင်မြင်တဲ့ exam ရဲ့သက်တမ်း ၃နှစ် မပြည့်ခင် နောက် exam ၄ခုကို ဖြေဆိုအောင်မြင်မှ RHCA ဖြစ်မှာပါ။ ဖြေဆိုအောင်မြင်တဲ့ exam တွေပေါ်မူတည်ပြီး Infrastructure Architect နဲ့ Enterprise Applications Architect ဆိုပြီး concentration ၂မျိုးခွဲထားပါတယ်။ ဘယ်ဘာသာဖြေရင် ဘာဖြစ်မယ်ဆိုတာကတော့ website မှာသွားကြည့်ပါ။ RHCSA, RHCE နဲ့ RHCS ၅ခုဖြေပြီးရင် RHCA level 1 ဖြစ်ပြီ၊ ၁ဘာသာကို Level တစ်ခုတိုးပါတယ်။ အလွယ်ပြောရရင် Level ဆိုတာ Valid ဖြစ်တဲ့ RHCS exam အရေအတွက်ပါပဲ။ အရင်တုန်းကတော့ RHCSA, RHCE လောက်ပဲရန်ကုန်မှာဖြေလို့ရပြီး RHCS တွေဆိုရင် နိုင်ငံခြားထွက်ဖြေမှရပါတယ်။ အခုတော့ KOALA လို့ခေါ်တဲ့ Individual Exam Station တွေရှိပြီဖြစ်တဲ့အတွက် ရန်ကုန်မှာတင်ဖြေလို့ရနေပါပြီ။


RHCA ဖြစ်ဖို့ဘယ်လိုပြင်ဆင်မလဲ?

၁။ Open Source ကိုမြတ်နိုးပါ။ ရူးသွပ်ပါ။ Certified ဖြစ်ချင်ရုံလောက်နဲ့တော့ဖြေမနေပါနဲ့ ပိုက်ဆံကုန်ပါတယ်။

၂။ Red Hat Partner ဒါမှမဟုတ် Red Hat ရဲ့ product တွေကိုအသုံးပြုနေတဲ့ ကုမ္ပဏီတစ်ခုခုမှာ အဓိကလုပ်ကိုင်နေတဲ့သူဖြစ်မှသာပိုသင့်တော်ပါတယ်။ မဖြစ်နိုင်သေးရင်တော့ ခက်ခဲ့ပါလိမ့်မယ်။ နေ့စဉ်လုပ်နေရတဲ့အလုပ်နဲ့ ကိုယ်လေ့လာချင်တဲ့နည်းပညာက မအပ်စပ်ရင် တကူးတကလေ့လာနေရသလိုဖြစ်နေမှာပါ။

၃။ လုပ်ငန်းခွင်အတွက် ဒါမှမဟုတ် ကိုယ့် career အတွက်အထောက်အကူပြုမယ့် အလားအလာရှိတဲ့ product တွေကိုရွေးချယ်ပြီးလေ့လာပါ။ လိုအပ်လာတဲ့အခါ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကိုပြလို့ရနိုင်သလို၊ လုပ်ငန်းခွင်အတွေ့အကြုံလည်းရပါလိမ့်မယ်။

၄။ Red Hat Partner ဆိုရင် လေ့လာဖို့ရွေးချယ်ထားတဲ့ Product တွေကို Partner တွေအတွက်ပေးထားတဲ့ Red Hat Online Partner Enablement Network (OPEN) ကနေလေ့လာပါ။ OPEN အတွက် Account မရှိသေးရင် Partner Portal ရဲ့ Admin Access ရှိသူဆီက တောင်ပါ။ Partner ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို အကန့်အသက်မရှိလေ့လာခွင့်ပေးနိုင်ပါတယ်။ OPEN ထဲမှာရှိတဲ့ content တော်တော်များများက Slide Deck တွေနဲ့အကျဉ်းခြုံ့ရှင်းပြထားတာဖြစ်တဲ့အတွက် မရှင်းလင်းတဲ့အချက်အလက်တချို့ကိုတော့ အသေးစိပ်ပြန်လည်ရှာဖွေပြီး လေ့လာဖို့လိုပါလိမ့်မယ်။ Cloud-based Lab နဲ့ Lab Guide တွေစီစဉ်ပေးထားတဲ့အတွက် product တိုင်းကို လက်တွေ့စမ်းသပ်လေ့လာနိုင်ပါတယ်။ OPEN access မရနိုင်တဲ့သူတွေအတွက်ကတော့ ပိုက်ဆံစုပြီး Red Hat Learning Subscription - Standard ၁နှစ်စာဝယ်လိုက်တာက Classroom Training တွေစောင့်တက်တာ၊ အခြား Online Course တွေဝယ်တာထက် ပိုမိုလွယ်ကူပြီး တွက်ခြေပိုကိုက်ပါတယ်။ Red Hat ရဲ့ Product အားလုံးရဲ့ Certification course အကုန်လုံးကိုလေ့လာလို့ရသလို၊ Exam ၅ခုစာနဲ့ Retake ၂ကြိမ်စာလည်းပါပါသေးတယ်။ Online Lab ကတော့ ကြိုက်ရာ Lab ကိုစမ်းလို့ရပြီး Lab environment run ထားတဲ့အချိန် (runtime) စုစုပေါင်း နာရီ ၄၀၀ စာရပါတယ်။ ၁နှစ်အတွင်း ကြိုးစားလေ့လာဖို့တော့လိုပါတယ်။ Linux Academy တို့ Pluralsight တို့ကနေ Online Course တွေဝယ်လေ့လာလည်း exam ဖိုးကတော့လိုဦးမှာဖြစ်တဲ့အတွက် Online Course ချင်းအတူတူ RHLS ကပိုသင့်တော်ပါတယ်။ RHLS ရောင်းရအောင် ကြော်ငြာဝင်ပေးနေတာလို့တော့မထင်ပါနဲ့။ တစ်လုံးတည်းပေးရလို့ များတယ်လို့ထင်ရပေမဲ့ မြန်မာနိုင်ငံအတွက် Pricing က exam ကြေးသာသာလောက်ပဲရှိတဲ့အတွက် တကယ်လေ့လာမယ်ဆိုရင် တကယ်တန်ပါတယ်။ RHCA အထိမသွားပဲ လုပ်ငန်းခွင်အတွက်အဓိကလိုအပ်တဲ့ တချို့ နည်းပညာတွေကိုပဲ သိချင်တာဆိုရင်တော့ Classroom Training ကိုသာတက်ပါ။ ဒါပေမဲ့ ပြဿနာက ပြည်တွင်းမှာ course တိုင်းတက်လို့မရနိုင်သလို ရခဲ့ရင်တောင် ၄ယောက်လောက်အနည်းဆုံးစုနိုင်တော့မှဖွင့်ပေးနိုင်တာပါ။ အားသာချက်ကတော့ အတန်းထဲမှာ Discuss လုပ်ရင်းရနိုင်တဲ့ ဗဟုသုတတွေပါပဲ။

၅။ ကိုယ်ပိုင် Lab environment ဆောက်ပြီးလေ့လာပါ။ စမ်းပါ။ OPEN တို့ RHLS တို့ကပေးထားတဲ့ Lab တွေက သိစေချင်တဲ့ Objective ကိုထိထိမိမိပြောနိုင်ဖို့အတွက်၊ အသင့်စီစဉ်ပေးထားတာပါ။ သူလုပ်ခိုင်းသလိုလိုက်လုပ်လိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ်ပိုင် Lab ဆောက်ကြည့်မှသာ ထည့်မပြောထားတဲ့ အချို့အချက်တွေ၊ Error တွေကိုမြင်နိုင်၊ တွေ့နိုင်၊ ဖြေရှင်းနိုင်မှာပါ။ RHLS ဝယ် Course ထဲမှာပြောထားသလောက်လေးပဲသိပြီး သွားဖြေရင်တော့ကျမှာပါပဲ။

၆။ စာမေးပွဲကြေးအတွက် ကုမ္ပဏီရဲ့ အထောက်အပံ့ရအောင်ကြိုးစားပါ။ မဟုတ်ရင်တော့ စာမေးပွဲကြေးအတွက် စုနိုင်ဆောင်းနိုင်တဲ့ အနေအထားရှိမှသာဖြေပါ။ Certificate ရဖို့ထက် ကျွမ်းကျင်ဖို့ကိုသာအာရုံစိုက်သင့်ပါတယ်။ လောလောဆယ် စာမေးပွဲကြေးမတတ်နိုင်သေးရင် OPEN ကပေးတဲ့ Accreditation တွေရှိပါတယ်။ အထူးသဖြင့် Delivery Specialist Accreditation တွေယူထားခြင်းက product implementation တွေ administration တွေကိုလေ့လာပြီးသားဖြစ်စေတဲ့အတွက် အလုပ်အပြောင်းအရွှေ့မှာ Interview ပါဖို့အထောက်အကူပြုနိုင်သလို ကိုယ်သာတကယ်ထဲထဲဝင်ဝင်လေ့လာထားရင် စာမေးပွဲဖြေဖို့တတ်နိုင်တဲ့အနေအထား၊ နေရာမျိုးရပါလိမ့်မယ်။ အဲဒီအခါကျမှ ဖြေပါ။

၇။ Red Hat ရဲ့ Product documentation တွေကို လေ့လာပါ။ ဘယ် document ထဲမှာ ဘယ်အကြောင်းအရာနဲ့ပတ်သက်တာတွေပါတယ်ဆိုတာကိုသိထားရင် Exam အတွက် အထောက်အကူပြုပါလိမ့်မယ်။ Exam တိုင်းမှာ Offline Documentation ပေးထားတဲ့အတွက် တစ်ခုခုမေ့သွားခဲ့တာရှိရင် ပြန်ရှာရပိုလွယ်ပါလိမ့်မယ်။

၈။ ကိုယ်ဖြေဆိုမယ့် Exam က Product version ဘယ်လောက်ကိုအခြေခံထားတာလဲဆိုတာသတိထားပါ။ ကိုယ်လေ့လာနေတဲ့ Product version ကတမျိုး၊ schedule လုပ်လိုက်တော့ version တစ်မျိုးဆိုရင် တချို့ command တွေ၊ config တွေ၊ အလုပ်လုပ်ပုံတွေပြောင်းသွားနိုင်တဲ့အတွက် exam ဖြေဆိုတဲ့အခါအခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် exam ရဲ့ objective ကို သေချာဖတ်ပါ။ Exam order တင်ရင်လဲ version ကိုသေချာသတိထားကြည့်ပြီးမှတင်ပါ။

၉။ လေ့လာနေချိန် နားမလည်တာရှိရင် မေးမြန်း၊ ဆွေးနွေး၊ အကြံဉာဏ်တောင်းလို့ရနိုင်မယ့် မိတ်ဆွေအပေါင်းအသင်းရှာထားပါ။ အထူးသဖြင့် Red Hatter တွေနဲ့ ရင်းနှီးအောင်လုပ်ထားပါ။ ဘယ်သူတွေလဲဆိုတာတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ 😉

အထက်မှာဖော်ပြထားတဲ့ အခြေအနေတွေမရှိသေးဘူးဆိုရင် RHCA ဖြစ်ဖို့အချိန်မတန်သေးဘူးလို့ပဲမှတ်ပါ။ Certification ကိုအာရုံမစိုက်ပဲ လေ့လာစရာရှိတာကိုသာ ကြိုးစားလေ့လာပါ။ Red Hat ရဲ့ Exam Objective တွေအတိုင်း Free ရတဲ့ Resource တွေနဲ့ ကိုယ့်ဟာကိုယ် အချိန်ယူလေ့လာပြီး ဖြေမယ်ဆိုလဲဖြေလို့ရတာပါပဲ။ Free Resource ဆိုတာ Facebook မှာ Sharing is Caring ဆိုတဲ့စာသားနဲ့ ဂုဏ်ယူပြီး share နေတဲ့ (တချို့တွေဆိုသင်တန်းကျောင်း page ထောင်ပြီးတော့ကို share နေတဲ့) ခိုးထားတဲ့ course တွေကိုမဆိုလိုပါ။ လိပ်ပြာသန့်သန့်နဲ့ Certified ဖြစ်ချင်ရင်တော့ အဲ့ဒါတွေရှောင်ဖို့အကြံပေးချင်ပါတယ်။ လေ့လာရတာ အချိန်တော့ကြာပါလိမ့်မယ်။ လက်ရှိ Industry ထဲမှာက RHCE level လောက်ကို တကယ်သာ ကောင်းကောင်းသိရင် အလုပ်ဖြစ်ပါတယ်။ နည်းပညာအသစ်တွေကို အဆက်မပြတ်လေ့လာနေဖို့ပဲလိုတာပါ။ အရမ်းခက်ခဲနေတဲ့ အခြေအနေမျိုးမှာ RHCA လို Certification မျိုးအတွက် အတင်းကာရောကြီးဖြေဖို့ကြိုးစားချင်နေမိရင်တော့ ဟိုအစ်မကြီးပြောသလို “ကိုယ့်ကိုကိုယ်ပြန်မေးပါ။ တန်ရဲ့လားလို့။” တန်တယ်ထင်ရင်တော့ဆက်လုပ်ပါ။ နံပါတ် (၁) မှာ ရူးသွပ်ခိုင်းထားတာထက်လွန်ပြီး ရူးမိုက် တာမျိုးတော့မဖြစ်ပါစေနဲ့။ တကယ်လိုအပ်တာ Skill ပါ Certificate မဟုတ်ပါဘူး။ Certificate က interview ပါဖို့အတွက်ပဲအထောက်အကူပြုတာပါ။ တကယ်တတ်မှအလုပ်ကောင်းကောင်းရမှာပါ။ Facebook ပေါ်တင်ပြီး လူအထင်ကြီးအောင် လုပ်ဖို့လောက်ကတော့ ဒီ Certification က ဈေးကြီးလွန်းပါတယ်။


comments powered by Disqus